ဒီစာရေးဖို့တော့ အတော်စဉ်းစားရပါတယ်။ ကျွန်တော်က နိုင်ငံရေးသမားလည်းမဟုတ်၊နိုင်ငံရေးသိပ္ပံပညာရှင်လည်းမဟုတ်တော့ နိုင်ငံရေးပါတီတွေအကြောင်း ရေးဖို့တော့နည်းနည်းလန့်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်ကတော့ သူငယ်ချင်းနဲ့စကားပြောသလိုပဲ ပေါ့ပေါ့ပါးပါးလေးရေးသွားပါမယ်။
ဒေါ်နယ်ထရန့်ကြီးရွေးကောက်ပွဲကိုနိုင်သွားတဲ့အချိန်မှာတော့ အမေရိကန်ပြည်သူတွေအပါအဝင်ကမ္ဘာတခုလုံးအံ့ဩသွားကြပါတယ်။ အဲ့ဒီနောက်မှာတော့ Cambridge Analytica company ကနေစလို့ Facebook အထိ တကိုယ်ရည် data လုံခြုံရေးကိစ္စတွေဟာ မီးခိုးကြွက်လျှောက်လိုက်လာပါတော့တယ်။ ဇူကာဘတ်တယောက် အမေရိကန်လွှတ်တော်ထိဆင့်ခေါ်ပြီး စစ်ဆေးမေးမြန်းခံခဲ့ရပါတယ်။ အမေရိကန်လွှတ်တော်အမတ်တွေရဲ့ ကပေါက်တိကပေါက်ချာနည်းပညာဆိုင်ရာမေးခွန်းအချို့ကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ ဆိုတော့ မဲဆွယ်တာနဲ့ တကိုယ်ရည် data တွေနဲ့ဘယ်လိုများဆိုင်လဲပေါ့။
နိုင်ငံရေးမဲဆွယ်စည်းရုံးပြောဆိုမှုတွေလုပ်တဲ့ အမေရိကန်နိုင်ငံရေးသမားတွေမှာ သီအိုရီပဲပြောပြော၊ ယုံကြည်မှုပဲပြောပြော အယူအဆတခုရှိပါတယ်။ မဲပေးသူ ၂၀ရာခိုင်နှုန်းရဲ့ နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံရေးယုံကြည်မှုဟာ ဟိုဘက်လည်းမရောက်၊သည်ဘက်လည်းမပါတာမျိုးဖြစ်ပါတယ်။ ဒီ၂၀ရာခိုင်နှုန်းကသာလျင် ရွေးကောက်ပွဲရဲ့အဆုံးအဖြတ်ပေးနိုင်သူတွေအဓိကဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၀၀ခုနှစ်နောက်ပိုင်းမှာတော့ ဒီမဲဆွယ်စည်းရုံးနိုင်တဲ့ နိုင်ငံရေးအတွေးအခေါ်အလယ်အလတ်ရှိသူဦးရေဟာ ၁၀ရာခိုင်နှုန်းထိလျော့ကျသွားတယ်လို့လည်း ဆိုကြပါတယ်။
ဆိုတော့ အမာခံကိုယ့်လူတွေက ကိုယ့်ကိုမဲပေးဖို့ဆိုတာ သေချာနေတဲ့အချိန်မှာ ဒီလိုနိုင်ငံရေးကြားနေလူတန်းစားကို ကုန်ကျစရိတ်အများဆုံးသုံးပြီး မဲဆွယ်ခြင်းဟာရွေးကောက်ပွဲနိုင်ဖို့အတွက် အဓိကကျပါတယ်။
ဒါပေမဲ့ ခေတ်က data ခေတ်ရောက်လာပါပြီ။ ဆိုတော့ ပုံစံပြောင်းသွားပါပြီ။ data တွေက မည်သူ့ကိုမဆို ကိုယ့်ကိုမဲပေးတဲ့သူဖြစ်အောင်လုပ်ဖို့ စွမ်းအားရှိလာပါတယ်။ ပြီးတော့ နိုင်ငံရေးကြားနေနေတဲ့သူတွေအပေါ်ဆွဲဆောင်ရတာထက်ပိုပြီးလွယ်ကူပါတယ်။ ဒီနေရာမှာပဲ micro targeting ဆိုတဲ့စကားလုံးပေါ်လာတာပဲဖြစ်ပါတယ်။
Micro-Targeting
MircoeTargeting လုပ်တယ်ဆိုတာ ကြော်ငြာလုပ်ငန်းနယ်ပယ်ကနေ နိုင်ငံရေးနယ်ပယ်ထဲကို ရောက်လာတာဖြစ်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ကိုယ့်ရဲ့ဝန်ဆောင်မှု သို့မဟုတ် ထုတ်ကုန်ကို စားသုံးသူတွေဝယ်သူအားပေးအောင်ပဲဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေဆိုရင်တော့ ကိုယ့်ကိုမဲပေးဖို့ပေါ့။
ဒီလိုလုပ်ဖို့အတွက်ဆိုရင် အရင်ဆုံးကိုယ့်ကိုမဲပေးတဲ့သူတွေက ဘယ်လိုလဲဆိုတာအရင်ဆုံးသိဖို့လိုအပ်ပါတယ်။ က်ုယ့်ကိုမဲပေးဖို့ခိုင်မာတဲ့သူတွေရဲ့အချက်အလက်ကို အရင်ဆုံးစုဆောင်းရပါတယ်။ ဥပမာ။ အသက်၊ နေရပ်၊ ပညာရေး၊ ဝင်ငွေ စသည်ဖြင့်အခြေခံအချက်အလက်တွေပေါ့။ ဒါ့အပြင်ကို ထူးခြားတဲ့ဝိသေသလက္ခဏာတွေကို စုဆောင်းရပါတယ်။ တိရစ္ဆာန်ချစ်သူတွေလား၊ LGBT တွေနဲ့ supporter တွေလား၊ gamer တွေလား စသည်ဖြင့် သူတို့ရဲ့ထူးခြားတဲ့ဝိသေသလက္ခဏာတွေကလည်း အရေးကြီးပါတယ်။
ဒီလိုထူးခြားတဲ့လက္ခဏာတွေကို ရရှိပြီးတဲ့အခါ ကိုယ့်ကိုမဲပေးမယ့်သူတွေရဲ့ ပုံစံတူ၊အသွင်တူတွေကိုဦးတည်ပြီးတော့ မဲဆွယ်စည်းရုံးလို့ရပါပြီ။ ဒီလိုနည်းနဲ့ကိုယ့်ကိုမဲပေးမယ့်သူဦးရေကို ပိုများလာအောင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
ဒီ Micro-Targeting လုပ်ငန်းစဉ်ဟာ မသေချာတဲ့လူတွေကို ပွဲကြီးတွေလုပ်ပြီးတော့ စည်းရုံးတာထက်စာရင် အများကြီးပိုငွေကုန်ကြေးကျသက်သာပါတယ်။ နိုင်ငံရေးအပြင် စီးပွားရေးလုပ်ငန်းတွေမှာလည်း ဒီလိုပုံစံနဲ့ပဲအလုပ်လုပ်ပါတယ်။
ရွေးကောက်ပွဲမဟာဗျူဟာဆွဲသူတွေဟာ သူတို့ကိုယ်စားလှယ်ရဲ့ပေးချင်တဲ့မက်ဆေ့ကို ထောက်ခံအားပေးနိုင်ချေအရှိဆုံးသူတွေကို ရွေးချယ်ပြီး ရောက်ရှိအောင်ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ Micro-Targeting ဟာ အရေအတွက်များများထက် အရည်အသွေးကောင်းတဲ့အမာခံထောက်ခံသူတွေ ပိုများအောင်လုပ်တဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။
ဒီလို data ကို အဓိကသုံးပြီးဆောင်ရွက်တဲ့လုပ်ငန်းစဉ်တွေဟာ သာမန်ကာလျှံကာလုပ်ငန်းတွေထက် အများကြီးပိုထိရောက်ပါတယ်။ data တွေဘယ်လိုရယူမလဲဆိုတာကတော့ သီးခြားလုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။ စကားမစပ် ကျွန်တော်တို့ဆီမှာတော့ ရွေးစရာက အာဏာရှင်စစ်ဘီလူးနဲ့အာဏာရှင်မဟုတ်တဲ့ပါတီပဲရှိတော့ ဘာကိုရွေးရမယ်ဆိုတာကျွန်တော်တို့အသိပဲဖြစ်ပါတယ်။ ဒီတော့ဒီလိုလုပ်ငန်းစဥ်တွေဟာ မြန်မာပြည်မှာတော့သိတဲ့လူလည်းနည်းနိုင်ပါတယ်။ မြန်မာနိုင်ငံရေးသမားအများစုကိုယ်၌တောင် Micro-Targeting ကိုကြားဖူးကြမယ်မထင်ပါဘူး။ ကားကြီးတွေနဲ့သရုပ်ဆောင်တွေ၊အဆိုတော်တွေနဲ့ ကပြမယ်၊ သီချင်းတွေဆိုပြမယ်ဆိုတာ တကယ်တော့ရူးကြောင်ကြောင်လုပ်ရပ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့က ကိုယ့်အကျိုးစီးပွားကိုအကာအကွယ်ပေးမယ့် ကိုယ်စားလှယ်ကိုရွေးချယ်လိုတာဖြစ်ပါတယ်။ သီချင်းတွေအကတွေကြည့်ချင်ရင်တော့ YouTube ပဲတက်ရှာနေတော့မှာပေါ့။
Original Article – မဲဆွယ်ခြင်းနဲ့ data
Leave a Reply